Local Industry



YBS နှင့် Air Con

YBS နှင့် Air Con google

ဒီရက်ပိုင်းတွေမှာ သတင်း နှင့် ဆိုရှယ် မီဒီယာပေါ်မှာ YBS ကားတွေအနေနှင့် Air Con ကားဖြစ်ပါလျက် နှင့် Air Con မဖွင့်ဘဲမောင်းသည့် အတွက်ကြောင့် ပူအိုက်လှသည့် နွေရာသီမှာ ဘတ်စ်ကားစီးရတာ အလွန်ပင်ပန်းဆင်းရဲကြောင်း ဆွေးနွေးကြတာတွေ့ရှိရပါတယ်။

 

ထို့သို့ Air Con မဖွင့်ဘဲ မောင်းသော ကားများကို အရေးယူစေရန်ခရီးသွားပြည်သူများ ဘက်က လိုလားလျက်ရှိကြောင်း သတင်းတွေမှာ ဖော်ပြထားရှိတာ တွေ့ရပါတယ်။ ယခုနောက်ပိုင်း YBS ကားများ အနေနှင့် Air Con မဖွင့်တာ စီးရေများပြားလာတာကို တွေ့ရှိရပါတယ်။ တစ်ကယ်တော့ Air Con မဖွင့်သည့် YBS ကားတွေဟာ မဖွင့်ချင်လို့ မဟုတ်ပါဘူး လက်ရှိ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော် ပူပြင်းသည့် နွေရာသီ ကို Air Con တွေကမနိုင်တော့လို့ပါ။ YBS ကားတွေအနေနှင့် ဝန်ဆောင်မူ ပြိုင်ဆိုင်နေရသည့် အချိန် မှာ မိမိတို့ ယာဉ်လိုင်းတွေကို ခရီးသည်များ အားပေးစီးနိုင်ရေးအတွက် ဝန်ဆောင်မူပေးရသည့်နေရာမှာ Air Con ကောင်းဖို့ကအရေးပါပါတယ်။ သို့သော်လည်းဘဲ Air Con ပြင်ဆင်စရိတ်များပျားခြင်း ကြိမ်ဖန်များစွာ ပြင်ပြန်သော်လည်း Air Con များကလက်ရှိရာသီ ဥတုကို မကျော်နိုင်သည့် အတွက်ကြောင့်နောက်ဆုံး လက်လျော့ပြီး Air Con ပိတ်မောင်းရသည့် အခြေအနေကို ရောက်ရှိပါတော့တယ်။

 

အဲဒီအတွက်ကြောင့် ယခုနောက်ပိုင်းမှာ Air Con မဖွင့်နိုင်တော့သည့် YBS ကားအရေအတွက် တိုးလာပါတော့တယ်။ YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတာ ဘတ်စ်ကားစီးရေ ၆၀၀၀ ကျော်ရှိသည့် အနက် Brand New Bus တွေဖြစ်သည့် Foton Bus Yutong Bus Ankai Bus အမျိုးအစား ကားတွေက ယာဉ်စီးရေ ၂၈၀၀ ခန့်ပြေးဆွဲနေပါတယ်။ အမျိုးအစားက တရုတ်နိုင်ငံထုတ်ကားတွေဖြစ်ပါတယ်။ အဲဒီကားတွေရန်ကုန်ကို မတင်သွင်းခင်မှာ သက်ဆိုင်ရာ ကားထုတ်သည့်ကုမ္ပဏီတွေက ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ လမ်း နှင့် ရာသီဥတု အခြေအနေတွေကို တွက်ချက်ပြီး မြို့ပြ သယ်ယူပို့ဆောင်ရေး အခြေအနေနှင့် ကိုက်ညီသည့် Air Con capacity ကို ထုတ်ပါတယ်။ Foton AUV specifications ဖော်ပြချက်အရ Foto City Bus ( Foton AUV BJ6123 ) Air Con စွမ်းဆောင်ရည်သည် 32000 kcal/h ဖြစ်သည့်အတွက်ကြောင့် လက်ရှိနွေရာသီ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်လွန်နေသော်လည်း Air Con ကောင်းစွာအေးသည်ကို တွေ့ရပါတယ်။

 

YBS ကားစီးရေ ၆၀၀၀ ကျော်မှာ ယာဉ်သစ် ၂၈၀၀ ခန့်ဖြစ်ပြီး ကျန်စီးရေ ၃၀၀၀ ကျော်မှာ Hyundai City Bus နှင့် Mini Bus များဖြစ်ပါတယ်။ အမျိုးအစားက ကိုရီးယား နိုင်ငံထုတ် Used ကားများဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုရီးယားမှာ ၁၀ နှစ်ခန့် သုံးပြီးသားကား ဖြစ်ပါတယ်။ သူ့ရဲမူလ ကိုရီးယားနိုင်ငံမှာ အေးလွန်းသည့် အတွက်ကြောင့် Air Con capacity များစွာမထုတ်ပါ။ Hyundai Motor Company specifications ဖော်ပြချက်အရ Hyundai City Bus ( Super Aero City ) Air Con စွမ်းဆောင်ရည်သည် 25000 kcal/h သာရှိသည့် အတွက်ကြောင့် လက်ရှိ နွေရာသီ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော် မှာ Air Con မအေးတော့ပါဘူး။ ထို့ကြောင့် အထက်ပါ ကားများအနေနှင့် နွေ မိုး ဆောင်း သုံးရာသီတွင် မိုးရာသီ နှင့် ဆောင်းရာသီတွင် Air Con နိုင်သော်လည်း ပူပြင်းလှသည့် နွေရာသီ အထူးသဖြင့် မတ် ဧပြီ မေလ များတွင် နှစ်စဉ် နှစ်တိုင်း Air Con မအေးနိုင်ပါ။

 

Air Con မအေးနိုင်သောကြောင့် ပြင်ကြပါသည်။ Air Con တစ်ကြိမ်ပြင်လျင် ၂ သိန်းကျော် ၃ သိန်း ခန့်ကုန်ကျစရိတ် ရှိပြီး တစ်လလျင် လက်ရှိကားများ၏ ဝင်ငွေမှာ အများဆုံး ၁၀ သိန်းခန့်သာရှိသောကြောင့် တစ်လလျှင် Air Con နှစ်ကြိမ် သုံးကြိမ်ခန့် ပြင်ရပါက နောက်ပိုင်းဆက်ပြီး မပြင်နိုင်ကြတော့ပါ။ ပြင်သော်လည်း Air Con မအေးသောကြောင့် လက်လျော့ပြီး ကားများ၏ဘေးတံခါးကို ဖွင့်ပြီး Air Con ပိတ်ပြီးမောင်းကြပါတယ်။ ယခင်နှစ်တွေက ဒီလို အခက်အခဲတွေ သိပ်မရှိပါဘူး။ Used ကားတွေလည်း Air Con အေးသည့်အတွက်ကြောင့် Air Con မဖွင့်ဘဲ မောင်းသည့် YBS ကားစီးရေ နည်းပါတယ်။ Used Car ကားတွေဟာ Air Con capacity နည်းသည့်အတွက်ကြောင့် အပြင်နေရောင်ခြည် အထဲကို တိုက်ရိုက်ဝင်ပြီးမပူအောင်လို့ ကားတွေရဲ့ ဘေးမှန်တွေမှာ UV စတေကာတွေကပ်ကြပါတယ်။ ကားရဲ့ အတွင်းမှာလည်း Air Con အအေးထိန်းအောင်နဲ့ အပြင်က နေရောင်ခြည်အပူ အထဲကို မဝင်အောင် လိုက်ကာတွေကိုလည်း ငွေကုန်ခံပြီးတပ်ဆင်ကြပါတယ်။ အဲဒီအတွက်ကြောင့် Air Con capacity နည်းသည့် ကားတွေက နေကာ စတေကာ နှင့် လိုက်ကာတွေ တပ်ဆင်မောင်းကြပါတယ်။ အဲဒီလို တပ်ဆင်နိုင်ရင် Air Con တော်တော်ကို အေးပါတယ်။

 

သို့သော်လည်း YRTA မှတာဝန်ရှိသူတစ်ဦးမှ YBS ကားတွေမှာ နေကာ စတေကာတွေနှင့် လိုက်ကာတွေဖြုတ်သိမ်းရမယ်လို့ ညွန်ကြားချက်ထုတ်ထားပါတယ်။ နူတ်မိန့်ပါ တရားဝင်စာတော့မထွက်ပါဘူး။ ဥပဒေ အရ ဖြုတ်ပါဟု တာဝန်ရှိသူ၏ နူတ်မိန့်ကြောင့် YBS ကားများအားလုံး နေကာစတေကာနှင့် လိုက်ကာများ ဖြုတ်သိမ်းခဲ့ရပါတယ်။ လက်ရှိအချိန်တွင် ကားသစ်လည်း ယာဉ်စီးခ ၂၀၀ ကျပ် ကားဟောင်းလည်း ယာဉ်စီးခ ၂၀၀ ကျပ် Air Con ဖွင့်လည်း ကားခ ၂၀၀ ကျပ် Air con မဖွင့်လည်း ကားခ ၂၀၀ ကျပ်Air Con မဖွင့်လည်း ဖမ်းမည့်သူမရှိတော့ ကြာရင် Air Con ကားဆိုတာ ပျောက်သွားနိုင်ပါတယ်။ ခေတ်ပြောင်း စနစ်ပြောင်းနှင့် လိုက်လျောညီထွေရှိသော ခရီးသွားပြည်သူများ အတွက် အကျိုးဖြစ်ထွန်းစေသော မူ နှင့် ဥပဒေများ ချမှတ်နိုင်ပါစေ ဟု ဆန္ဒပြုလိုက်ရပါတယ်။

 

Credit; ကိုတရုတ်လေး

Read times
Rate this item
(1 Vote)