International



ယာဉ်စည်းကမ်းချိုးဖောက်မှုမှ တစ်ရက်လျှင် ဒဏ်ကြေး ပေါင်ငါးသိန်းကျော် ရရှိနေတဲ့ လန်ဒန်

ယာဉ်စည်းကမ်းချိုးဖောက်မှုမှ တစ်ရက်လျှင် ဒဏ်ကြေး ပေါင်ငါးသိန်းကျော် ရရှိနေတဲ့ လန်ဒန် google

အင်္ဂလန်နိုင်ငံ၊ မြို့တော်လန်ဒန် လမ်းမများပေါ်တွင် ယာဉ်စည်းကမ်းချိုး ဖောက်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလျက်ရှိပြီး ယာဉ်စည်း ကမ်းချိုးဖောက်သူများထံမှ ကောက်ခံရရှိသည့် ဒဏ်ငွေပမာဏမှာ တစ်ရက်လျှင် ပေါင် ၅၂ဝ,ဝဝဝ ခန့်ရှိကြောင်း ယာဉ်လိုင်စင်နံပါတ်ပြားများ ရောင်းချသော Click Reg ကုမ္ပဏီ၏ အချက်အလက်များအရသိရသည်။

 

လန်ဒန်တွင် ဘတ်စ်ကားများ သာရပ်ရမည့်နေရာ၌ အိမ်စီးကားများ ရပ်ထားခြင်း၊ မဝင်ရန် သတ်မှတ်ထား သောလမ်းများသို့ ဝင်ရောက်ခြင်း၊ ယာဉ်မရပ်ရသည့် အဝါရောင်မျဉ်းများပေါ် ရပ်နားခြင်း စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများမှာ ၂ဝ၁၈ ခုနှစ်တွင် ၃ဝ ရာခိုင်နှုန်းခန့် ပိုမိုများပြားလာသည်ဟု သိရသည်။

 

လန်ဒန်တွင် ယာဉ်စည်းကမ်း ချိုးဖောက်ပါက ဒဏ်ငွေပေါင် ၁၃ဝ ကျခံရမည်ဟု အကြောင်းကြားစာကို ကားမှန်ပေါ်တွင် ကပ်ထားလေ့ ရှိပြီး နှစ်ပတ်အတွင်းပေးဆောင်ပါက တစ်ဝက်ဖြစ်သည့် ၆၅ ပေါင် သာပေးရမည်ဖြစ်သည်။ လန်ဒန်မြို့ လမ်းမများပေါ် တပ်ဆင်ထားသော CCTV ကင်မရာများမှတစ်ဆင့် ရရှိသည့် အချက်အလက်များအရ ယာဉ်စည်းကမ်းချိုးဖောက်သူ ယာဉ်မောင်း အရေအတွက်မှာ ဦးရေ လေးထောင်ခန့်ရှိပြီး ၂ဝ၁၇-၂ဝ၁၈ ခုနှစ် တစ်နှစ်တာအတွင်း လန်ဒန်မြို့တော် ကောင်စီဒေသ ၂၉ ခုတွင် ဒဏ်ကြေးပေးဆောင်ရန် ချမှတ်ခဲ့သည့် ချလန်အရေအတွက်မှာ ၁,၄၃၉,၉၄၂ စောင် ရှိခဲ့သည်။

 

အဆိုပါ ချလန်ဖြတ်ပိုင်းများမှတစ်ဆင့် ရရှိခဲ့သော ဒဏ်ကြေးငွေမှာ တစ်နှစ်အတွင်း ၉၃ ဒသမ ၅ သန်းမှ ပေါင် ၁၈၇ သန်းကြားရှိပြီး တစ်ရက်လျှင် ပေါင် ၅၂ဝ,ဝဝဝ အထိရရှိနေသည့် သဘောဖြစ်သည်။ လန်ဒန်မြို့တော် ကောင်စီဒေသ ၂၉ ခုတွင် ယာဉ်စည်းကမ်း အချိုးဖောက်ဆုံးဒေသမှာ လန်ဒန်မြို့ဖြစ်ပြီး ၂ဝ၁၇-၂ဝ၁၈ ခုနှစ် အတွင်း ၁၉၂,၈၄၁ ကြိမ်ရှိကာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်ထက် ၁၆၆၃ ရာခိုင်နှုန်းအထိ အံ့အားသင့်ဖွယ် မြင့်တက်လာသည်ကို တွေ့ရသည်။ စည်းကမ်းချိုးဖောက်မှု အနည်းဆုံး ဒေသမှာ Bexley ဖြစ်ကာ တစ်နှစ် အတွင်း ယာဉ်စည်းကမ်းချိုးဖောက်မှု ၁၁,၃၆၅ ကြိမ်သာ ရှိခဲ့သည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)