International



အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ရဲ့ စီးတော်ယာဉ် သို့မဟုတ် GM ရဲ့ Cadillac (The Beast)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ရဲ့ စီးတော်ယာဉ် သို့မဟုတ် GM ရဲ့ Cadillac (The Beast) google

လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စီးနင်းအသုံးပြုနေတဲ့ကားဟာ အိမ်ဖြူတော်အတွက် သီးသန့်သတ်မှတ်ထားတဲ့ official state car ပဲဖြစ်ပါတယ်။

 

တာဝန်ယူထုတ်လုပ်ပေးတဲ့ကုမ္ပဏီကတော့ General Motors (GM) ဖြစ်ပြီး Cadillac အမျိုးအစားဇိမ်ခံကားဖြစ်ပါတယ်။ အိမ်ဖြူတော်နဲ့ အမေရိကန်အစိုးရအသိုင်းအဝိုင်းကတော့ The Beast လို့ နာမည်ပြောင်ပေးထားပြီး အဲဒီနာမည်နဲ့လိုက်ဖက်လှအောင်လည်း ကြီးမားလှတဲ့သားရဲတိရစ္ဆာန်ကြီးတစ်ကောင်အလား ခန့်ညားလွန်းနေပါတယ်။

 

သမ္မတဒေါ်နယ်ထရမ့် လက်ရှိစီးနင်းအသုံးပြုနေတဲ့ကားဟာ ယခင်အမေရိကန်သမ္မတဟောင်း အိုဘားမားအသုံးပြုခဲ့တဲ့ကားနဲ့ အမျိုးအစားတူဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်ကမှ အသစ်ထုတ်လုပ်ခဲ့တဲ့မော်ဒယ် ဖြစ်ပါတယ်။ မော်ဒယ်သစ်ဖြစ်တာနဲ့အညီ အရည်အသွေးပိုင်းအရရော ကာကွယ်ရေးနည်းပညာတွေအရပါ သမ္မတဒေါ်နယ်ထရမ့်ရဲ့လုံခြုံရေးကို အပြည့်အဝအာမခံပေးနိုင်တဲ့အခြေအနေမှာရှိနေတာကို တွေ့ရပါတယ်။

 

ရဲတိုက်ကြီးတစ်ခုအလား GM Cadillac

GM11-min.jpg

 

လက်ရှိအချိန်မှာရော သမ္မတသက်တမ်း မကုန်ဆုံးသေးသရွေ့ အိမ်ဖြူတော်မှာ ရှိနေသေးသမျှကာလတစ်လျှောက် ဒေါ်နယ်ထရမ့်ရဲ့ စီးတော်ယာဉ်အဖြစ် တရားဝင်သတ်မှတ်ပေးထားတဲ့ The Beast (ခေါ်) ၂၀၁၈ မော်ဒယ် Cadillac အထူးဇိမ်ခံကားကြီးအကြောင်း နည်းနည်းလေ့လာကြည့်ကြရအောင်ပါ။ ဒီကားကြီးကို GM & JU Cadillac Division က Cadillac DTS မော်ဒယ်တွေအပေါ် အခြေခံဒီဇိုင်းဆွဲ ထုတ်လုပ်တည်ဆောက်ခဲ့တာဖြစ်ပြီး ကိုယ်ထည်ကို တိုက်တေနီယမ်၊ ကြွေသား၊ သံမဏိနဲ့ အလူမီနီယံဆိုတဲ့သတ္ထုတွေ ပေါင်းစပ်ထုတ်လုပ်ထားတာပါ။ တံခါးပေါက်တွေမှာတော့ ၈ လက်မကျော်ထူတဲ့ ကျည်ကာပလိတ်ပြားတွေတပ်ဆင်ပေးထားပြီး Boeing 757 လေယာဉ်ကြီးတွေက တံခါးပေါက်တွေရဲ့ ခိုင်ခံ့မှုနဲ့အတူတူပဲဖြစ်ပါတယ်။

 

မှန်တံခါးတွေမှာတော့ အမာကျောဆုံးမှန်သား ၅ လွှာနဲ့ ပိုလီကာဘွန်နိတ်ဓာတ်ပေါင်းတွေရောစပ်ပါဝင်ပြီး ကျည်ဆံတိုးမပေါက်နိုင်တဲ့အပြင် သာမန်တိုက်ခိုက်မှုမျိုးနဲ့မီးလောင်ကျွမ်းမှုတွေကိုပါ ခံနိုင်ရည်ရှိပါတယ်။ ဓါတုအဆိပ်လက်နက်မျိုးနဲ့ ပစ်မှတ်ထားတိုက်ခိုက်တာမျိုး ကြုံလာခဲ့ရင်တောင် တံခါးပေါက်တွေနဲ့မှန်တွေကို လုံအောင်ပိတ်ထားမယ်ဆိုရင် အတွင်းကိုပျံ့နှံ့စေနိုင်မှာမဟုတ်ပါဘူး။ မှန်တံခါးကိုဖွင့်ဖို့ဆိုတာကလည်း ယာဉ်မောင်းသူနဲ့ ၃ လက်မအကွာမှာရှိတဲ့ထိန်းချုပ်ရေးခလုပ်ကို နှိပ်မှပဲရနိုင်ပါလိမ့်မယ်။ မှန်တံခါးသာလျင်မဟုတ်ဘဲ ကိုယ်ထည်အစိတ်အပိုင်းအားလုံးဟာ ဘယ်လိုဗုံးပေါက်ကွဲမှုမျိုးကိုမဆို ခံနိုင်ရည်ရှိပြီး ကားကိုယ်ထည်အတွင်းက လောင်စာဆီသိုလှောင်ကန်ကိုလည်း အထူးကာကွယ်ရေးပစ္စည်း အလွှာတွေနဲ့ တိုးမပေါက်အောင် စီမံထားပြီးသားပါ။ ဘီးတွေကတော့ သံမဏိဘီးခွေတွေဖြစ်ပြီး အကြောင်းတစ်ခုခုကြောင့် တာယာတွေစုတ်ပြဲသွားခဲ့ရင်တောင် ဘီးခွေတွေချည်းသက်သက်နဲ့ မောင်းနှင်အသုံးပြုနိုင်ဦးမယ်လို့ ဆိုပါတယ်။

 

ရင်သပ်ရှုမောဖွယ်အတွင်းပိုင်းနည်းပညာတွေနဲ့ The Beast

 

အတွင်းပိုင်းနည်းပညာအနေနဲ့ကလည်း ညဘက်တွေမှာ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ ညကြည့်စနစ်ပါဝင်ပါသေးတယ်။ အံ့သြဖို့ကောင်းတာက လက်ရှိတင်မြှောက်ခံထားရတဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ သွေးနဲ့အမျိုးအစားတူတဲ့ သွေးပမာဏ အတိုင်းအတာတစ်ရပ်ကို ကားအတွင်းသွေးလှူဘဏ်အသေးစားအဖြစ် အရံအသင့်သယ်ဆောင်လာလေ့ရှိသလို ကိုယ်ပိုင်အောက်စီဂျင်ထောက်ပံ့ရေးစနစ်လည်း ပါဝင်နေတာပါ။

 

ဒါ့အပြင် သမ္မတဒေါ်နယ်ထရမ့်ရဲ့အလုပ်ကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သက်ပြီး အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ဖို့အတွက် ကားနောက်ခန်းမှာ ဂြိုဟ်တုလိုင်းတယ်လီဖုန်းတစ်လုံး၊ အမေရိကန်သမ္မတနဲ့ အိမ်ဖြူတော်ကို အချိန်မရွေးဆက်သွယ်လို့ရတဲ့ တိုက်ရိုက်တယ်လီဖုန်းလိုင်းတစ်လိုင်း ထည့်သွင်းပေးထားပါသေးတယ်။ ရှေ့ပိုင်းက ဒရိုင်ဘာခန်းနဲ့ နောက်ဘက်က သမ္မတစီးနင်းလိုက်ပါတဲ့အခန်းကို မှန်တစ်ချပ်နဲ့ကန့်သတ်ပိုင်းခြားထားလေ့ရှိတယ်လို့လည်း သိရပါတယ်။ အိုဘားမားတို့၊ ကလင်တန်တို့လို ယခင်သမ္မတတွေက ဒီမှန်ချပ်ကို ပုံမှန်အတိုင်းပိတ်ပြီး လိုက်ပါလေ့ရှိပေမယ့် ဒေါ်နယ်ထရမ့်ကတော့ မှန်ချပ်ကို အောက်ဆွဲချ ဖယ်ရှားပြီးလိုက်ပါလေ့ရှိတယ်လို့လည်း အမေရိကန်မီဒီယာတွေက ဖော်ပြကြပါတယ်။ တစ်နည်းပြောရရင်တော့ မစ္စတာထရမ့် စီးနင်းအသုံးပြုနေတဲ့ The Beast ဟာ ဇိမ်ခံကားတစ်စီးဆိုတာထက် ရွှေ့လျားသွားလာနိုင်စွမ်းရှိတဲ့ ရဲတိုက်ကြီးတစ်ခုဆိုရင် ပိုမှန်ပါလိမ့်မယ်။

 

ဒေါ်နယ်ထရမ့်ဟာ ယခုလအတွင်း ဗြိတိန်နိုင်ငံကိုသွားရောက်ခဲ့ရာမှာ ၄င်းရဲ့ Air Force One လေယာဉ်ကြီးနဲ့အတူ The Beast ကိုပါ သယ်ဆောင်သွားခဲ့တာကိုတွေ့ရပါတယ်။ သမ္မတစီးတော်ယာဉ်ဖြစ်တဲ့ The Beast ကို တာဝန်ယူမောင်းနှင်ရတဲ့ ယာဉ်မောင်းဟာ အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်သင်ကြားပေးထားတဲ့အထူးယာဉ်မောင်းဖြစ်ပြီး လမ်းခရီးမှာ ကြုံတွေ့လာရတဲ့တိုက်ခိုက်မှုနဲ့ အန္တရာယ်တွေကနေ သမ္မတကိုကယ်ထုတ်ဖို့ တာဝန်ရှိသူလည်းဖြစ်ပါတယ်။ တာဝန်ကိုလည်း အပြည့်အဝယူပေးနိုင်အောင် အထူးလေ့ကျင့်ထားသူတစ်ယောက်ပါ။

 

အမေရိကန်သမ္မတအတွက် GM ရဲ့ သီးသန့်လက်ရာ

GM2-min.jpg

 

၁၉၆၃ ခုနှစ်က Lincoln Continental အမျိုးအစား အမိုးဖွင့်ကားကိုစီးပြီး လှည့်လှည်သွားလာစဉ်မှာ သေနတ်နဲ့လုပ်ကြံခံခဲ့ရတဲ့ အမေရိကန်သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီရဲ့ ဖြစ်ရပ်ဆိုးနောက်ပိုင်းမှာ အမေရိကန်အာဏာပိုင်တွေက သမ္မတတွေစီးမယ့်ကားအတွက် အထူးလုံခြုံရေးစနစ်တွေနဲ့ တပ်ဆင်တည်ဆောက်ခဲ့ကြပါတယ်။ အခုလက်ရှိ ဒေါ်နယ်ထရမ့်စီးနင်းနေတဲ့ The Beast ဟာ အထက်ကဆိုခဲ့သလို Cadillac DTS မော်ဒယ်ကို အခြေခံထုတ်လုပ်ထားတဲ့ GM ရဲ့သီးသန့်လက်ရာအဖြစ်သာ သတ်မှတ်ရမှာဖြစ်ပြီး ဒီကားအတွက်မော်ဒယ် (သို့မဟုတ်) တရားဝင်အမည် သတ်မှတ်ပေးထားတာမျိုးမရှိပါဘူး။ ခန့်မှန်းချေတန်ဖိုး စတာလင်ပေါင် ၁ ဒသမ ၂ သန်းရှိတဲ့ အဆိုပါကားရဲ့ ချက်စီနံပါတ်၊ မီးလုံး ဒီဇိုင်းနဲ့ ရှည်လျားကျယ်ပြန့်တဲ့ ကိုယ်ထည်တွေကလည်း Cadillac DTS ရဲ့ မူလဒီဇိုင်းနဲ့ တော်တော်လေးကွဲပြားခြားနေတာကို ပြောရရင်တော့ The Beast တွေဟာ အမေရိကန် သမ္မတတွေအတွက်ချည်းသက်သက် သီးသန့်ထုတ်လုပ်ထားတဲ့ ကားတွေပဲဖြစ်ပါတော့တယ်။ ကုန်ကုန်ပြောရမယ်ဆိုရင် The Beast ကိုအသုံးပြုချင်တယ်ဆိုရင်တော့ဖြင့် အမေရိကရဲ့ သမ္မတ ဖြစ်မှပဲ အဲဒီအခွင့်အရေးကို ရရှိနိုင်မှာပါ။

 

Credit; ကိုဆွဲ (မုံရွာ)

Read times
Rate this item
(0 votes)