International



အရှေ့တောင်အာရှရှိ မော်တော်ကားထုတ်လုပ်သူများ နှေးကွေးလေးလံ

အရှေ့တောင်အာရှရှိ မော်တော်ကားထုတ်လုပ်သူများသည် coronavirus ကူးစက်ရောဂါကြောင့်

ရက်သတ္တပတ်များစွာ ဆိုင်းငံ့ထားသော ထုတ်လုပ်မှုကို  စက်ရုံများတွင် ပြန်လည်စတင်ကြပြီ ဖြစ်သော်လည်း ကပ်ရောဂါ ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ ကျင့်သုံးကြရခြင်းနှင့် ရောင်းအား ချည့်နဲ့နေခြင်းတို့ကြောင့် ဖြည်းဖြည်းလေးလေး ဖြစ်နေသည်။ 

 

မေလကတည်းက အရှေ့တောင်အာရှနိုင်ငံအများစုသည် စီးပွားရေးလုပ်ငန်းများ လည်ပတ်လုပ်ကိုင်ခြင်း အပေါ် တားမြစ်ချုပ်ချယ်မှုများ လျှော့ချပေးခဲ့သည်။ လူအများ လှုပ်ရှားသွားလာမှုများအပေါ်တွင်လည်း ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ တဖြည်းဖြည်း ယခင်အတိုင်း ပုံမှန်ပြန်ဖြစ်လာသည်။  အရှေ့တောင်အာရှ ဒေသတွင်းရှိ ကားစျေးကွက် နှင့် ထုတ်လုပ်မှုအများစုကို ထိန်းချုပ်ထားသော ဂျပန်ကားထုတ်လုပ်သူများက သူတို့၏ စက်ရုံများကို ပြန်လည် စတင်ဖွင့်လှစ်လိုက်သည်။ 

 

အရှေ့တောင်အာရှတွင် ယာဉ်ထုတ်လုပ်မှု အကြီးမားဆုံး ဖြစ်သည့် ထိုင်းနိုင်ငံတွင် မေလအတွင်းထုတ်လုပ်သော ကားအရေအတွက်မှာ ယခင်လကထက် ၁၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စီးရေ ၅၆,၀၃၅ အထိရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်မှ ပြောကြားခဲ့သည်။ အဆိုပါကိန်းဂဏန်းသည်လွန်ခဲ့သော တစ်နှစ်ကထက် ၆၉ ရာခိုင်နှုန်း စိုက်ဆင်းခဲ့သည်ဟု ဆိုသော်လည်းကူးစက်ရောဂါကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်နာလန်ထူလာသည်ကိုပြသနေသည်။ 

 

ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Automotive Industry Club ၏ဒုဥက္ကဋ္ဌ  Surapong Paisitpattanapong က ဧပြီလတွင် အရောင်းအနိမ့်ဆုံးသို့ရောက်ခဲ့ပုံရသည်ဟု ပြောကြားခဲ့သည်။

 

Toyota

====

Toyota သည် ၎င်း၏ စက်ရုံသုံးခုစလုံးတွင် မေလ ၂၅ ရက်တွင် ပြန်လည်လည်ပတ်နိုင်ခဲ့သည်။ ထိုင်းအစိုးရမှချမှတ်ထားသော ကူးစက်ရောဂါ ဘေးကင်းရေးလမ်းညွှန်ချက်များနှင့်အညီ, Toyota သည် စက်ရုံထဲသို့ ဝင်ရောက်လာသော အလုပ်သမားများ၏ ကိုယ်အပူချိန်ကို တိုင်းတာရယူသည်။ လုပ်သားများကို မကြာခဏ လက်ဆေးခိုင်းသည်။

 

ဂျပန်ကုမ္ပဏီက ယခင်က ပုံမှန်အားဖြင့် လူချင်းနီးနီးကပ်ကပ်ဖြင့် လုပ်ကိုင်ခဲ့ကြခြင်းအစား ယခုအခါ လူချင်းခပ်ခွာခွာနေရခြင်း လိုအပ်ချက်ကို လိုက်နာခြင်းကြောင့် ကုန်ထုတ်လုပ်မှု မကျဆင်းစေရန် အလုပ်များ အဆင့်ဆင့် စီးဆင်းပုံကို အခြေအနေအသစ်နှင့် လိုက်လျောညီထွေ ရှိအောင် ပြောင်းလဲခဲ့သည်။  

ကုမ္ပဏီရှိ စားသောက်ဆိုင်တွင်လည်းကောင်း၊ အလုပ်တက်ဆင်း ဖယ်ရီဘတ်စ်ကားပေါ်တွင်လည်းကောင်း ဘေးချင်းကပ် ထိုင်ခြင်းကို တားမြစ်ထားသည်။

မလေးရှားတွင် နိုင်ငံဂုဏ်ဆောင် Perodua ကားလုပ်ငန်း အပါအဝင် မော်တော်ကားထုတ်လုပ်သူများသည် မေလအစောပိုင်းတွင် စက်ရုံလည်ပတ်မှု ပြန်လည်စတင်ခဲ့သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးရန်အတွက် အစိုးရ၏ တရားဝင်ပြဌာန်းထားသော လုပ်ငန်းလည်ပတ်မှုစံညွှန်း Standard Operating Procedure (SOP)ကို လိုက်နာမှသာ မလေးရှားအစိုးရက ထုတ်လုပ်သူများအား စက်ရုံ ပြန်လည်ဖွင့်ခွင့်ပြုသည်။ 

 

SOP သည် ဝန်ထမ်းများအနေဖြင့် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူကျပ်ခြင်းစသည့် အလားအလာရှိသော ရောဂါလက္ခဏာများကို စစ်ဆေးခြင်း အပါအ ဝင် စက်ရုံဝင်ပေါက်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် လိုအပ်သောကျယ်ပြန့်သော ဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းများကို အကောင်အထည်ဖော်ရန် ပြဌာန်းထားသည်။ 

 

ဝန်ထမ်းများအနေဖြင့် အဆောက်အဦ အတွင်းသို့ ၀င်စဉ် သူတို့၏ လက်များကို ဆေးကြောသန့်စင်ရန်နှင့် မတ်စ်တပ်ရန် လိုအပ်သည်။ ထုတ်လုပ်မှုနှင့် အခြားအဆောက်အအုံများကို တစ်နေ့လျှင် သုံးကြိမ် ဆေးကြောရမည်။ စက်ရုံအတွင်းတွင် ထားရှိပေးထားသည့် မွတ်စလင်များအတွက် ကော်ဖီဆိုင်များနှင့် ဆုတောင်းခန်းများတွင် ဖြစ်စေ၊ အလုပ်လုပ်နေစဉ် ဖြစ်စေ အလုပ်သမားများသည် တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၁ မီတာ အကွာအဝေးတွင် နေရန်လိုအပ်သည်။ 

 

SOP သည် ကားကုန်သည်များနှင့် ပြုပြင်ရေးဆိုင်များနှင့်လည်း သက်ဆိုင်ပါသည်။ မလေးရှားကားထုတ်လုပ်သူ Proton ကကြိုတင်စာရင်းသွင်းစနစ်ကို ကျင့်သုံးသည်။ ကားပြုပြင်လိုသူသည် ရက်ချိန်း ကြိုတင်ရယူရန် လိုအပ်သည်။ 

တစ်ရက်လျှင်  ကြိုတင်စာရင်းသွင်းမှုအရေအတွက် မည်မျှသာ လက်ခံသည်ကိုလည်း ကန့်သတ်ထားသည်။ ကားလာပြင်သူများသည် သူတို့ ချိန်းဆိုထားသည့်အချိန်ထက် မိနစ် ၂၀ အလိုတွင်လာရောက်ပြီး ကျန်းမာရေးစစ်ဆေးခြင်းကို ပြုလုပ်ရန် လိုအပ်သည်။ကားပြင်ပြီးသွားသောအခါ  ပြီးဆုံးသွားသောအခါ ကားကို ပြန်မပေးမီ ကားကို ပိုးသန့်ဆေးပေးသည်။ ဟွန်ဒါကားအရောင်းကိုယ်စားလှယ်များသည် ကားကို စမ်းသပ်မောင်းနှင်သည့်အခါ ဖောက်သည်များအား လက်အိတ်ဝတ်ဆင်ခိုင်းသည်။ 

 

အရှေ့တောင် အာရှ ကားအရောင်း ပမာဏ 

(စီးရေ ထောင်ပေါင်း)

 

 

ကားဝယ်လိုအားသည် အားနည်းနေဆဲဖြစ်သည်။ “ ရောင်းအားနှေးတာကြောင့် အမှာစာတွေ ပြည့်မီဖို့အတွက်  ကားတွေ အလျဉ်မီအောင် ထုတ်လုပ်ဖို့ ကျွန်တော်တို့မှာ ဘာပြဿနာမှ မရှိဘူး” ဟု ထိုင်းနိုင်ငံရှိ ဂျပန်ကားထုတ်လုပ်သူမှထုတ်လုပ်မှုမန်နေဂျာကပြောသည်။ 

 

တိုယိုတာ ကားရောင်းအားသည် အရှေ့တောင်အာရှ ခြောက်နိုင်ငံ ဖြစ်သော အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် စင်ကာပူတို့တွင် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ဧပြီလတွင် ၈၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ Nikkei Asian Review က အဖွဲ့အစည်းများထံမှ ရယူစုဆောင်းထားသော အချက်အလက်များအရ  စုစုပေါင်း ကားအစီးရေ ၅၁,၀၆၃  စီးမျှသာ ထုတ်လုပ်ခဲ့သည်။  ရောင်းအားထိုးကျရသည်မှာ lockdown များနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လည်ပတ်မှုများနှင့် လူအများတို့ လုပ်ကိုင်မှုများကို ကူးစက်မှုထိန်းချုပ်နိုင်ရန် ကန့်သတ်ချုပ်ချယ်ထားခြင်းကြောင့် ဖြစ်သည်။

 

 Toyota သည် ထိုင်းကားကုမ္ပဏီ၏ အမှုဆောင်ဒုဥက္ကဋ္ဌ Surasak Suthongwan က “လူတွေက ငွေသုံးစွဲတာကို သတိထားလာကြတော့ ကားအသစ် ဝယ်ယူဖို့ကို နှောင့်နှေးထားလိုက်ကြတယ်" ဟု ပြောသည်။

 

ရောင်းအား ဆက်လက်ကျဆင်း

============= 

ထိုင်းနိုင်ငံတွင်မတ်လ ၂၆ ရက်က အရေးပေါ်အခြေအနေ ကြေညာပြီးနောက်၌ပင် ကားအရောင်းကိုယ်စားလှယ်များအား ဆက်လက်လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။ 

သို့သော် ဧပြီလက ဈေးကွက်တွင် ကားအသစ် ရောင်းအားသည်  ၆၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ များစွာသော စီးပွားရေးလုပ်ငန်းများကို ပိတ်ခိုင်းထားပြီး လူများသည် ၀ င်ငွေကျဆင်းလာသည်ကို မြင်သောအခါ အသုံးစရိတ်များကို လျှော့ချလာသည်။ ဒေသတွင်း၌ ကားသစ်များဝယ်လိုအားသည် ယခုအချိန်အထိ အားနည်းနေဆဲဖြစ်ပြီး ကပ်ရောဂါကြောင့် စီးပွါးရေးကျဆင်းနေသည်။ 

 

အင်ဒိုနီးရှား မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ Jongkie Sugiarto က '' ပြည်သူတွေရဲ့ လှုပ်ရှားမှုအပေါ် ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးခဲ့ရင်တောင် သူတို့ရဲ့ ၀ ယ်ယူနိုင်စွမ်းဟာ မြန်မြန်ဆန်ဆန်ပြန်ကောင်းလာမှာ မဟုတ်ဘူး '' ဟုပြောကြားခဲ့သည်။ 

 

အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားနိုင်ငံများရှိ ဒေသတွင်းအကြီးဆုံးကားစျေးကွက် ၃ ခုတွင် စက်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ ပြည်တွင်းရောင်းအား ခန့်မှန်းထားသည်မှာ ၂၀၂၀ ခုနှစ်တွင် တစ်နှစ်ထက် တစ်နှစ်ရောင်းအား စုစုပေါင်း ၄၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်။ 

 

အခြေအနေ ကောင်းမလာနိုင်သေးသောကြောင့်  ဒေသတွင်းရှိ ကားထုတ်လုပ်သူများကို လုပ်သားအင်အား လျှော့ချရန် ဖြစ်ပေါ်စေသည်။

 Mitsubishi Motors သည် ၀ န်ထမ်းများအား ထိုင်းနိုင်ငံရှိ လုပ်သားအင်အားကို လျှော့ချရန်အတွက် ဆန္ဒအလျောက်အနားယူရန် ဖိတ်ခေါ်ခဲ့သည်။ ပြည်တွင်းမီဒီယာများ အဆိုအရတိုင်းပြည်အတွင်းရှိ အခြားကားထုတ်လုပ်သူများအနေဖြင့်လည်း ဆန္ဒအလျောက်အငြိမ်းစားယူခြင်းနှင့် အလုပ်ထုတ်ပယ်ခြင်းများကို စဉ်းစားနေကြသည်။ 

Nissan Motor သည် အင်ဒိုနီးရှားရှိ ၎င်း၏စက်ရုံကို ပိတ်ပစ်ရန်နှင့် လိုအပ်သော ထုတ်လုပ်မှုများကို  Mitsubishi Motors ထံ အလုပ်အပ်နှံပြီး ထုတ်လုပ်ခိုင်းရန် ဆုံးဖြတ်ခဲ့သည်။

 "ကိုဗစ် ကူးစက်မှုကို ကာကွယ်ဖို့ ဆောင်ရွက်ချက်တွေရဲ့အကျိုးသက်ရောက်မှုတွေက သူတို့ကိုယ်သူတို့ အထူးသဖြင့်  အရောင်းမှာ အားသန်ဖို့ ဖြစ်လာတယ်" ဟု ထိုင်းနိုင်ငံရှိ Nomura Research Institute မှ အကြီးတန်းမန်နေဂျာ Hajime Yamamoto က လူ၏အပြုအမူပြောင်းလဲမှုများကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။ "စားသုံးသူများ၏ အတွေးအခေါ်များပြောင်းလဲသွားခြင်းက ကားထုတ်လုပ်သူများနှင့် ကုန်သည်များအား  ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို မြှင့်တင်ရန် ဖိအားပေးနေပါတယ်" ဟု ပြောသည်။ 

Read times
Rate this item
(1 Vote)