ခရီးသည်တင်ယာဉ်များ ကုန်စည်ပို့ဆောင်နေသဖြင့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်နေဟုဆို

ခရီးသည်တင်ဆောင်ကာ ပြေးဆွဲခွင့် မရတော့သည့် အဝေးပြေးခရီးသည် တင်ယာဉ်များက ကုန်စည်များကို တင်ဆောင်ပြေးဆွဲ နေသဖြင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို ထိခိုက်မှုရှိနေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကြင်သိန်းက ပြောသည်။ တစ်ကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှုပြန်လည်မြင့်မားလာချိန်တွင် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် တိုင်းနှင့်ပြည်နယ် အသီးသီးက ခရီးသွားများ ကန့်သတ်လိုက်သည့်အတွက် ခရီးသည်တင် ယာဉ်များက ကုန်စည်များတင်ဆောင်ကာ သယ်ယူပို့ဆောင်လာကြခြင်းဖြစ်သည်။

 

“သူတို့ (ခရီးသည်တင်ယာဉ်)က ခရီးသည်နဲ့ ခရီးသည်မှာပါတဲ့ ခရီးဆောင်အိတ်တို့၊ လက်ဆောင်ပစ္စည်းတို့ ဒါလောက်ပဲတင်ခွင့်ရတယ်။

 

အခုက ကြက်သွန်တို့၊ အာလူး၊ ဆန် တို့လို ကုန်စည်သီးသန့်တွေ တင်လာကြတယ်။ ဒီကာလတွေမှာ ကုန်စည် သယ်ဆောင်ရေးလုပ်ငန်း အဆင်မပြေဖြစ်နေတဲ့ကြားက တိုင်းနဲ့ ပြည်နယ် ၁၄ ခု စလုံးမှာ ဒါမျိုးတွေဖြစ်လာပြီး ကုန်စည်လုပ်ငန်းကို ခွဲဝေယူကြမယ်ဆိုရင် ကုန်စည်စီးဆင်းမှု လုပ်ငန်း ပျက်စီး သွားလိမ့်မယ်။ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် မျှမျှတတပဲ ဖြစ်သင့်တယ်။

 

အခွင့်ထူးခံဆိုတာတွေ မရှိသင့်ဘူး။ အဲဒါတွေကို စိစစ်ပေးစေချင်ပါတယ်။ ဒီလိုရောဂါတွေ ပြင်းထန်နေတဲ့ အချိန်မှာလည်း အစိုးရဆီက တောင်းဆိုတာမျိုး မလုပ်ချင်ပါဘူး။ ဒါပေမယ့် ကုန်စည်စီးဆင်းတဲ့ လုပ်ငန်း ရေရှည်ရပ်တည်နိုင်ဖို့ကိုယ့်လုပ်ငန်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းအပေါ် လိုက်နာဖို့ ကြပ်မတ်ပေးစေချင်ပါတယ်” ဟု ဦးကြင်သိန်းက ပြောသည်။

 

ယခုကဲ့သို့ စည်းကမ်းချက်များနှင့် မညီသည့် ကုန်စည်လုပ်ငန်းများ ခွဲဝေသယ်ယူပို့ဆောင်နေမည်ဆိုပါက ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ရေရှည်ရပ်တည်ရန် အခက်အခဲများ ဖြစ်ပေါ်နိုင်သောကြောင့် အမြန်ဆုံးစိစစ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

 

အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများမှာ ချမှတ်ထားသည့် စည်းကမ်းနှင့် သတ်မှတ် ထားသည့် လမ်းကြောင်းအတိုင်းသာ သွားလာနေကြခြင်းဖြစ်ကြောင်း၊ ခရီးသည်တင်ယာဉ်များမှာ အမြန်လမ်းက သွားလာခွင့်ရ ရှိထားပြီး ကုန်စည်တင်ဆောင် ပြေးဆွဲနေကြသည့်အတွက် ကြာမြင့်ချိန်ကွာခြားသဖြင့် ခရီးသည်တင်ယာဉ်များက ပိုမိုအသာရ သလိုဖြစ်နေကြောင်း ကုန်တင်ကားမောင်းနှင်သူများကပြောသည်။ “ပုံမှန်တိုင်းဆိုရင် လူစီးယာဉ်က ကုန်တင်လို့မရဘူး။

 

သူတင်ရင်လည်း ခရီးသည်တွေရဲ့ ပစ္စည်းအသုံးအဆောင်ပဲရမယ်။ အဲဒီလိုသာ ခရီးသည်ယာဉ်တွေ ကုန်တင်နေမယ်ဆိုရင် ကျွန်တော်တို့ ကုန်တင်သမားတွေအတွက် အများကြီးနစ်နာတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အခြေအနေအရ အလုပ်မရှိတဲ့ ကုန်ကားတွေရှိတယ်။ အခုအဲဒီလိုလုပ်မယ်ဆိုရင် တကယ်ပုံမှန်လုပ်နေတဲ့သူတွေအတွက် အများကြီးထိခိုက်တယ်။ မလုပ်သင့်ဘူး။ကုန်ကားတွေအတွက် ဘာလုပ်စားရမလဲ။ အဲဒီတော့ ဒီကိစ္စက အရေးယူသင့်တဲ့အဆင့် မဟုတ်ပေမယ့် တားမြစ်လိုက်ရင်ရပါတယ်”ဟု ရန်ကုန် မြို့တွင်းနှင့် နယ်ဝေးကုန်တင်ကားမောင်းသူ ကိုလတ်က ပြောသည်။

 

မြန်မာတောင်သူများ ဂျာနယ်

Read times
Rate this item
(0 votes)