အဝင်အထွက် ကန့်သတ်မှုများကြောင့် ကုန်တင်ယာဥ် များ သွားလာရ ခက်ခဲမှု ဆွေးနွေးတင်ပြ

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် အသွားအလာ ကန့်သတ်နေသည့် ကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၄ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့သည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အမှာစကားပြောကြားရာတွင် COVID-19 ကြောင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဆိုင်ရာအခက်အခဲများရှိသကဲ့သို့ စားဝတ်နေရေးနှင့် စီးပွားရေးကိစ္စများကို ကျော်လွှားနိုင်ရန် လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု၊ ရောင်းဝယ်မှုများကို ရပ်တန့်မှုမရှိရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများအား ညှိနှိုင်းဆောင်ရွက်ဖို့ ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက အရေးကြီးသည့် အချိန်ကိုရောက်နေသဖြင့် Supply Chain မပြတ်တောက်စေရေး၊ ခရီးသွားလာရေး ကန့်သတ်ချက်များကြောင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး၊ ဆေးဝါးပစ္စည်းများ ပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အသင်းချုပ်၊ ညီနောင်အသင်းနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များမှ တင်ပြရာတွင် အသင်းချုပ်မှ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက်ကုန်စည်ပို့ဆောင်မှု ချောမွေ့စေရေးသည် အဓိကဖြစ်ကြောင်းနှင့် မှန်ကန်သည့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ စီးဆင်းနိုင်ရေးသည်လည်း အရေးကြီးသည်။

 

ကုန်ပစ္စည်းများတင်ပို့ရာတွင် အဝင်အထွက် ကန့်သတ်မှုများကြောင့် ကုန်တင်ယာဥ်များသွားလာရခက်ခဲနေခြင်း၊ တစ်ချို့ တိုင်းနှင့်ပြည်နယ်များတွင် ကုန်တင်ယာဥ်များ ဝင်ရောက်ခွင့်မပြုခြင်းများ ရှိနေဆဲဖြစ်သည်။ ကုန်တင်ယာဥ်မောင်းများကို မြို့အဝင်ရော၊အထွက်ရောများတွင်ကျန်းမာရေး စနစ်တကျ စိစစ်မှုများကို ပိုမိုကောင်းမွန်သည့် အစီအစဉ်များဖြင့် ဆောင်ရွက်နိုင်စေရေးကို ဆောင်ရွက်သင့်သည်။

 

ယာဥ်မောင်း ယာဥ်နောက် ပြောင်းလဲမောင်းနှင်ရန်ညွှန်ကြားထားခြင်းကြောင့်အခက်အခဲများဖြစ်ပေါ်နေသည်။ ရန်ကုန်မြို့သို့ ဝင်ရောက်ပါက မဖြစ်မနေ Quarantine ဝင်ရမည့်ကိစ္စရပ်များကြောင့် ယာဥ်မောင်းများရှားပါး​မှု ဖြစ်ပေါ်နေသည်တို့ကို တင်ပြခဲ့ကြသည်။

 

တို့အပြင် ကုန်စည်စီးဆင်းမှု အထောက်အကူပြုရေးအတွက် ဆောင်ရွက်သင့်သည်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး အကြံပြုခဲ့ကြသည်။

 

ရင်းမြစ်။ UMFCCI

Read times
Rate this item
(0 votes)