What's new



မြင့်တက်နေဆဲ စလစ်ဈေး

မြင့်တက်နေဆဲ စလစ်ဈေး google

ရန်ကုန်မော်တော်ယာဉ်ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေသော်လည်း ကားဟောင်းအပ်စလစ်ဈေးနှုန်းများမှာ မြင့်တက်နေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်ရှိ သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ သိရသည်။

 

ရန်ကုန်ကားဈေးကွက်အတွင်း ဒေါ်လာဈေးမတည်ငြိမ်မှု၏ နောက်ဆက်တွဲသက်ရောက်မှုများအဖြစ် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းလာမှု မရှိသလောက်ဖြစ်လာသည့်အပြင် တစ်ပတ်ရစ်ကားဟောင်းများကိုလည်း ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းရမည့် မူဝါဒသတ်မှတ်ချက်များကြောင့် လက်ရှိတင်သွင်းထားပြီးဖြစ်သောယာဉ်များကိုသာ အလဲအထပ် ပြန်လည်ရောင်းချနေကြခြင်းဖြစ်သည်။ ဈေးကွက်အနေဖြင့် အရောင်းအဝယ်ပါးကာ အေးနေသည့် အခြေအနေမျိုးဖြစ်ကြောင်း သိရသည်။

 

Brand New သာမက စလစ်ကပ်ကားအရောင်းအဝယ်တွင်လည်း ဈေးကွက်အေးနေပြီး သက်တမ်းနှစ် ၂၀ အပ်ကားစလစ်တစ်စောင်လျှင် ဇွန်၊ ဇူလိုင်လခန့်က ငွေကျပ်သိန်း ၁၁၀ ရှိရာမှ ယခု ငွေကျပ်သိန်း ၁၃၀ ရှိကာ ဈေးမြင့်သော်လည်း အရောင်းအဝယ် မရှိသလောက်ဖြစ်နေကြောင်း၊ ယာဉ်အိုယာဉ်ဟောင်းအစားထိုးလဲလှယ်ရေး အစီအစဉ်များအရ အပ်ကားများကို စတင်လက်ခံစဉ်ကာလတွင် စလစ်ဈေးသည် ငွေကျပ် ၈၅ သိန်းခန့်သာရှိရာမှ ငွေကျပ် ၁၃၅ သိန်းအထိ ဖြစ်ခဲ့ဖူးကြောင်း၊ ထို့နောက် ဈေးပြန်ကျကာ ငွေကျပ် ၁၀၈ သိန်းခန့်ဖြင့် ငြိမ်နေရာမှ ယခုနောက်ပိုင်း အပ်ကားရှားလာမှုနှင့်အတူ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဈေးနှုန်းများမြင့်တက်လာသော်လည်း အရောင်းအဝယ်မရှိကြောင်း သိရသည်။

 

ရန်ကုန်လိုင်စင် ပိတ်ထားသည့်အချိန်တွင် Free ပါမစ်ဖြင့် တင်သွင်းသူများထက် စလစ်ကပ်ကားတင်သွင်းမှုများမှာ ယခင်ကရှိခဲ့ပြီး ကားအရောင်းစင်တာအများစုတွင် တင်သွင်းထားပြီး ရောင်းမထွက်သေးသည့် ယာဉ်အများအပြားရှိနေကြောင်း သိရသည်။

 

ထိုကဲ့သို့ နှစ် ၂၀ အပ်ကားစလစ် ဈေးမြင့်လာသည့်အပြင် တိုက်ကြေကားစလစ်မှာ ငွေကျပ် ၁၀၈ သိန်းအထိဖြစ်လာပြီး အငှားယာဉ်စလစ်မှာလည်း ငွေကျပ် သိန်း ၁၁၀ အထက်ကို ကျော်လွန်ရောင်းချလာကြကြောင်း သိရသည်။

 

Read more: စည်းကမ်းမလိုက်နာမှုများကြောင့် ရထားမတော်တဆမှုများ မြင့်တက်

Source: Myawaddy

Read times
Rate this item
(0 votes)